Sunday, June 19, 2016

Black Samurai ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ကြမယ့် Common နဲ့ RZA



ချီကာဂို မြို့သား Rap အဆိုတော် Common ဟာ သူ့ရဲ့  သရုပ်ဆောင်ဘ၀ ဖြတ်သန်းမှု နောက်ထပ်တစ်ခုကို Wu-Tang Clan အဖွဲ့က HipHop ဆရာသမား တစ်ယောက်ဖြစ်တဲ့ RZA နဲ့ ပေါင်းပြီး ထပ်မံ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ သတင်းဖော်ပြချက်များစွာအရတော့ သူတို့ ၂ ယောက်ဟာ “Black Samurai” လို့ခေါ်တဲ့ တယ်လီဗေးရှင်းအစီအစဉ် တစ်ခုကို ရိုက်ကူး သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Black Samurai ရဲ့  ဇာတ်လမ်းအကျဉ်းကတော့ Robert Sand ဆိုတဲ့ လူမည်းတစ်ယောက်ကို ဂျပန် ဆာမူရိုင်း ဆရာကြီးတစ်ယောက်က ကယ်တင်ထားပြီး ၇ နှစ်လောက် လေ့ကျင့်ပေးခဲ့တဲ့ အကြောင်းပါ။ စစ်တပ်ထဲမှာ လူမျိုးရေးခွဲခြားမှု များစွာကို ရင်ဆိုင်ရပြီးတဲ့နောက် ထိုဂျပန်ဆာမူရိုင်း ဆရာကြီးထံမှာ ပညာသင်ယူနေရင်း အကြမ်းဖက်သမားတွေရဲ့  သတ်ဖြတ်မှုကြောင့် သူ့ရဲ့ ဂျပန်ဆာမူရိုင်း ဆရာကြီးနဲ့ သင်တန်းသားများ သေဆုံးသွားတာကို မြင်တွေ့လိုက်ရတဲ့ Robert Sand ဟာ လူသတ်ယန္တရား တစ်ခုဖြစ်လာပါတယ်။

ဒီဇာတ်လမ်းရဲ့  ဒါရိုက်တာဖြစ်တဲ့ Andre Gaines ဟာ စာရေးဆရာ Marc Olden ရဲ့  ၁၉၇၄ ခုနှစ်က ၀ထ္ထုစီးရီးကို ပြန်လည် မှီငြမ်းပြီး Black Samurai ကို ပြန်လည် ရိုက်ကူးခဲ့တာလည်းဖြစ်ပြီး ဒီဇာတ်လမ်းဟာ Andre Gaines အတွက် Cinemation Studios နဲ့ ပထမဆုံး ပူးပေါင်းခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို Andre Gaines ဟာ Common ၊ RZA တို့ အပါအ၀င် Wu-Film ရုပ်ရှင်ထုတ်လုပ်ရေး က Mitchell Diggs နဲ့ Diane Crafford တို့ အားလုံးနဲ့ ပူးပေါင်းပြီး ဒီဇာတ်လမ်းကို ရိုက်ကူးထုတ်လုပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Andre အနေနဲ့ ဒီဇာတ်လမ်းတွဲမှာ RZA ကိုပါဝင်စေရခြင်းဟာ Wu-Tang Clan အဖွဲ့ရဲ့  အရှေ့တိုင်းသိုင်းပညာ(Martial Art) နဲ့ပတ်သက်ပြီး နှစ်ပေါင်းကြာရှည် ရူးသွပ်စွဲလန်းလာမှုကြောင့် ဖြစ်တယ်လို့ ဆိုပြီး Common ကိုပါဝင်စေလိုက်ခြင်းအတွက်တော့ Hip-Hop အသိုင်းအ၀ိုင်း ရဲ့  စိတ်ဝင်စား စွဲလန်းမှုကိုလည်း ပိုမို ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

Common ဟာ “Suicide Squad” နဲ့ “John Wick” ဇာတ်လမ်း တွေမှာလည်း ပါဝင်သရုပ်ဆောင် ထားဖူးပါ တယ်။ RZA ကတော့ “The Man With the Iron Fist” ဇာတ်လမ်းမှာ အဓိက သရုပ်ဆောင်နေရာက ပါဝင်ခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့ဖူးပါတယ်။

Ref : XXL