Friday, July 1, 2016

တယ်လီဗေးရှင်းတွေဟာ ကလေးတွေကို Gay တွေဖြစ်လာဖို့ ဖိအားပေးနေတယ်လို့ Boosie BadAzz ပြော



Rap အဆိုတော် Boosie BadAzz အနေနဲ့ တယ်လီဗေးရှင်း အစီအစဉ်တွေကို စတင်ဝေဖန်လိုက်ပါပြီ။ လက်ရှိ တယ်လီဗေးရှင်းအစီအစဉ်တွေဟာ ကလေးငယ်(ယောကျာင်္းလေး)တွေကို လိင်တူဆက်ဆံသူ(Gay) တွေဖြစ်လာစေဖို့ ဖိအားပေးနေတယ်လို့ Boosie BadAzz က ဆိုလိုက်ပါတယ်။

“သူတို့ကလူတိုင်းက Gay တွေဖြစ်သွားစေချင်နေတာပါ။ သူတို့ဟာ အဲဒီ အရာကို ကျွန်တော်တို့ ယဉ်ကျေးမှုထဲကို ထည့်နေတာ။ သူတို့က အဲဒီအရာ ကို နေရာတိုင်းမှာ လိုက်ပါဝင်စေချင်နေတာ။ Gay ကိစ္စ က နေရာတိုင်းမှာရှိနေပြီ။ ကျွန်တော်ထင်ကာတော့ သူတို့ အဲဒီလိုလုပ်တာဟာ ငွေရေးကြေးရေးအတွက်ပါ။ သူတို့ Gay တွေအတွက်တွေးပြီး ဒါတွေလုပ်နေတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်လည်း Gay တွေကို လက်မခံနိုင်ကြပါဘူး။ သူတို့က ငွေရေးကြေးရေးအတွက်နဲ့ ကာတွန်းတွေထဲမှာပါ Gay တွေကို ပါဝင်စေခဲ့တယ်။ ကြည့်မှာက ကလေးတွေပါ။ ကလေးတွေအနေနဲ့ သူတို့သွားချင်တဲ့လမ်းကို သူတို့ကိုယ်တိုင်ရွေးချယ်ခွင့် ပေးလိုက်ပါ။ ၆ နှစ် ၇ နှစ်အရွယ် ကလေးတွေကို သူတို့ရဲ့  စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု မရှိသေးခင် Gay ကာတွန်းတွေ မပြသ သင့်ပါဘူး။” လို့ Boosie BadAzz က အင်တာဗျူးတစ်ခုမှာ ဆိုခဲ့ပါတယ်။

Boosie က သူ့အနေနဲ့ Gay တွေကို မုန်းတီးလို့ ပြောရတာမဟုတ်ပဲ ကလေးတွေအပေါ် ဖိအားပေးနေသလို ဖြစ်တဲ့ ကိစ္စရပ်အတွက် ပြောရခြင်းဖြစ်တယ်ဆိုတာကိုလည်း အဓိကထားပြောကြားသွားပါသေးတယ်။ ဒါ့အပြင် သူထောင်ကျခံနေခဲ့ရတဲ့ ၂၀၀၉ ခုနှစ်က အဖြစ်အပျက်တွေကိုလည်း ပြန်ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော် Gay တွေကို လုံးဝမမုန်းပါဘူး။ ကျွန်တော် ထောင်ထဲမှာလည်း Gay တွေအများကြီးနဲ့ သိကျွမ်းခဲ့ ပါတယ်။ ဒါပေမယ့်  Gay ဖြစ်လာစေဖို့တော့ ဖိအား ပေးခံခဲ့ရခြင်းတော့ မရှိခဲ့ပါဘူး။ အဲဒီလို အပြုအမူမျိုးဟာ မကောင်းပါဘူး။ အဲဒါကို မှားတယ်လို့ ခံစားရပါတယ်” လို့ Boosie က ဆိုပါတယ်။

တွေ့ဆုံမေးမြန်းသူက Boosie ကို အကယ်၍ Boosie ရဲ့ သားဖြစ်သူဟာ Gay တစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် Boosie အနေနဲ့ ဘယ်လိုတုံ့ပြန်မှာလည်း ဆိုတဲ့ မေးခွန်းကို မေးခဲ့တဲ့အခါမှာတော့ Boosie က အဲဒီကလေးကို သူ့ဘ၀ထဲကနေ တားမြစ်ပယ်ဖျက်လိုက်မယ် လို့ ပြန်လည်ဖြေဆိုခဲ့ပါသေးတယ်။


Ref : XXL