Friday, June 24, 2016

အတူတူ ပူးပေါင်းပြီး သီချင်းအပုဒ်ရေ ၁၀၀ ကျော် ဖန်တီးထားတဲ့ Future နဲ့ Zaytoven



Future နဲ့ Zaytoven တို့ဟာ သီချင်းတွေများစွာ ဖန်တီးထားကြပါတယ်။ အင်တာဗျူး အသစ် ၂ ခုထဲမှာတော့ သီချင်းတီးခတ်ထုတ်လုပ်သူ Music Producer တစ်ယောက်ဖြစ်တဲ့ Zaytoven ဟာ သူ့အနေနဲ့ Futureနဲ့ အတူ သီချင်းတွေဖန်တီးနေတဲ့ အကြောင်းကို အတိအကျ ထုတ်ဖော် ပြောပြ ခဲ့သလို ဖြေကြားမှုတစ်ခုမှာဆိုရင် အတီးသမားကောင်းတစ်ယောက်ဖြစ်တဲ့ Zaytoven ဟာ Future နဲ့ အတူ ပူးပေါင်းဖန်တီးထားပြီး မဖြန့်ချီရသေးတဲ့ သီချင်းပေါင်း ၁၀၀ ကျော် ရှိနေပြီ လို့ ထည့်သွင်း ပြောပြခဲ့ပါတယ်။

“Beast Mode ထွက်ရှိပြီးကတည်းက ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ အသံသွင်းဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့ စတူဒီယို သွားတဲ့ အချိန်တိုင်းလည်း အတူတူပေါင်းပြီး သီချင်း ၅ ပုဒ် ၊ ၁၀ ပုဒ် ခန့် လုပ်ဖြစ်တယ်။ ကျွန်တော်သိသလောက်တော့ အနည်းဆုံး သီချင်း ၁၀၀ လောက်ရှိနေပါပြီ” လို့ Zaytoven က ပြောပြပါတယ်။

Zaytoven ရဲ့  ပြောကြားချက်အရတော့ Beast Mode သီချင်း မဖန်တီးခင်တုန်းက သူတို့ ၂ ယောက်ဟာ အဆက်အသွယ် ပြတ်နေခဲ့ကြပြီး အတ္တလန်တာမြို့သား Rapper တစ်ယောက်ဖြစ်တဲ့ Future က သူ့ကို စတူဒီယို လာဖို့ ခေါ်ပြီး သူတီးထားတဲ့ တီးလုံး(Beats) ပေါ်မှာ အသံသွင်းထားတာတွေကို ပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Beast Mode သီချင်း မထွက်ခင် ၁၀ ရက်ခန့်အတွင်းမှာပဲ သူတို့ ၂ ယောက်ဟာ စတူဒီယိုမှာ သီချင်း ၅၀ ခန့်ကို အတူဖန်တီးဖြစ်ခဲ့တယ်လို့လည်း Zaytoven က ပြောပြပါတယ်။

သူတို့ ၂ ယောက်ရဲ့  ဖန်တီးမှုတွေကိုတော့ Beast Mode 16 လို့ အမည်ပေးထားတဲ့ ပရောဂျက်အနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Apple Music ကနေ ရောင်းချမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Mixtape အနေနဲ့ပဲ ထုတ်မှာလားဆိုတာနဲ့ ၊ သီချင်းဘယ် နှစ်ပုဒ် ပါဝင်မယ် ဆိုတာကိုတော့ အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။

Ref : XXL