Thursday, July 7, 2016

ရောင်းအား သိသာစွာ ကျဆင်းခဲ့ရတဲ့ Snoop Dogg ရဲ့  အယ်လ်ဘမ်အသစ် “Cool Aid”



Snoop Dogg ဟာ Rap Game တစ်ခုလုံးကို ကြီးစိုးနေခဲ့တာ ဆယ်စုနှစ် ၂ခု ကျော်လာပါပြီ။ သူဟာ သူ့ရဲ့  ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Doggystyle မှာကတည်းက အခွေ အချပ်ရေပေါင်း ၄ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့အတွက် ပလက်တီနမ် အဖြစ် ၄ ကြိမ် အသိအမှတ်ပြုခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့  နောက်ဆုံး ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ဖြစ်တဲ့ “Coolaid” မှာတော့ ပရိသတ်တွေရဲ့  အာရုံ စိုက်မှုဟာ လျော့နည်းသွားခဲ့ပါတယ်။ Hits Daily Double ဆိုတဲ့ အဖွဲ့အစည်းရဲ့  ဖော်ပြချက်အရတော့ Snoop ရဲ့  အခွေသစ်ဟာ ပထမပတ်အတွင်းမှာ အချပ်ရေ ခုနှစ်ထောင် ကနေ ကိုးထောင် အထိ သာ ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။

မနှစ်က ထွက်ရှိခဲ့တဲ့ Snoop Dogg ရဲ့   Bush ဆိုတဲ့ အယ်လ်ဘမ် တုန်းကတော့ အချပ်ရေ ၂၇၀၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီး Billboard အကောင်းဆုံးအခွေ ၂၀၀ စာရင်းမှာ နံပါတ် ၁၄ အဖြစ်သာ ရပ်တည်နိုင်ခဲ့တာပါ။

လက်ရှိ အခွေရောင်းအားတွေနဲ့ တွက်ချက်ကြည့်တဲ့အခါမှာ ၉ ပတ်တိတိ နံပါတ် ၁ ဖြစ်နေတဲ့ Drake ရဲ့   VIEWS အယ်လ်ဘမ်ကို နေရာလုဖို့ နီးစပ်နေတာက  Blink 182 အဖွဲ့ရဲ့  California ဆိုတဲ့ အယ်လ်ဘမ်ဖြစ်ပြီး Maxwell ရဲ့   black SUMMER’s night အယ်လ်ဘမ်ကတော့ အချပ်ရေ ငါးသောင်းရှစ်ထောင်ကနေ ခြောက်သောင်းသုံးထောင် အထိရောင်းချနိုင်ဖို့ကြိုးစားနေပါတယ်။ Def Jam ထုတ်လုပ်ရေးကနေ ထွက်ရှိလာမယ့် Rap အဆိုတော် Logic ရဲ့  Bobby Tarantino ဆိုတဲ့ Mixtape ကတော့ အချပ်ရေ နှစ်သောင်းနဲ့ နှစ်သောင်းသုံးထောင်ကြားမှာ ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

Ref : HipHopDx