Sunday, November 22, 2015
"ငါတို့ထွက်ပေါ်လာခဲ့တဲ့ ရပ်ကွက် တွေကို အဆင့်မြှင့်ပေးဖို့ ငါတို့ရဲ့ အသံတွေကို အသုံးပြုခဲ့တယ်" ဆိုတဲ့ Jadakiss နဲ့ စကားစမြည်
သူ့ကို Raspy (သို့မဟုတ်) Top 5 Dead or Alive လို့ ခေါ်နိုင်ပါတယ်။ Jadakiss ဟာ သူ့ရဲ့ စတုထ္ထမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ကို ထုတ်လုပ်ထားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ၂၀၀၁ ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ Kiss The Game Goodbye ဆိုတဲ့ အယ်လ်ဘမ် မှာ ကတည်းက Jadakiss ဟာ နယူးယော့ခ် မြို့တော် ရဲ့ Hip-Hop ယဉ်ကျေးမှုကို ချပြခဲ့ခြင်းသာမကပဲ ဘ၀ရဲ့ စစ်မှန်တဲ့ အမှန်တရားတွေကိုပါ ကောင်းမွန်စွာ ချပြခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
Rapper တွေရဲ့ အဓိက သီချင်းအကြောင်းအရာတွေက နားထောင်သူတွေရဲ့ ခေါင်းထဲကို မီလျံဒေါ်လာ တွေကို လွတ်လပ်စွာ သုံးစွဲပြဖို့နဲ့ ပိုင်ဆိုင်မှု အကောင်းစား တွေရဲ့ ဇာတ်လမ်းတွေပဲ ရိုက်သွင်းနေချိန်မှာ Jadakiss ကတော့ အကြမ်းစား Rap အပိုဒ်တွေနဲ့ သူ့ရဲ့ ပရိတ်သတ်တွေကို အတွေ့အကြုံတွေ မျှဝေ ပေးခဲ့ပါတယ်။ "ငါ က ပရိတ်သတ်တွေ ကို ငါ့မှာ ရှိပြီးသားလည်း ဖြစ်ပြီး သူတို့ လည်းလိုချင်နေတဲ့ အရာကို ပေးဖို့ ကြိုးစားနေတာပါ" လို့ Jada က Top 5 Dead or Alive ဆိုတဲ့ သူ့ရဲ့ နောက်ဆုံး အယ်လ်ဘမ် နဲ့ ပတ်သက်ပြီး ပြောပြပါသေးတယ်။
တွဲဖက် သီဆိုမှု အပိုင်းမှာလည်း လွှမ်းမိုးမှု အားကောင်းတဲ့ အဆိုတော်တွေ ဖြစ်တဲ့ Lil Wayne ၊ Nas ၊ Puff Daddy ၊ Future ၊ Ne-Yo ၊ Styles P ၊ Akon ၊ Wiz Khalifa တို့ကို ထည့်သုံး ထားပြန်တဲ့အတွက် Jadakiss ဟာ Hip-Hop လောကထဲမှာ OG ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိုက်တန်စွာ ရရှိနေဆဲ ပဲဖြစ်ပါတယ်။
"လူငယ်တွေလေးတွေ သင့်လိုမျိုး အရွယ်ရောက်လာတဲ့အခါမှာ လှပတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ သူတို့ဟာ သင့်ကို ပွေ့ဖက်ကြမှာ ဖြစ်ပြီး သင့် အရည်အချင်းကို လေးစားကြပါလိမ့်မယ်" လို့ Kiss က နယူးယော့ခ် မြို့ထဲက Stadium Goods ဆိုတဲ့ ဖိနပ်ဆိုင်မှာ ဈေးဝယ်ထွက်ရင်း VIBE မဂ္ဂဇင်း ကို ပြောပြခဲ့ပါတယ်။ "သူတို့က ငါ့ကို (ဟေး ကစ်ဆ် ၊ မင်းနဲ့အတူ မုန့်(ဆေးခြောက်)သောက်ဖို့ဆိုတာ ငါ့အတွက်တော့ ဂုဏ်ယူစရာ ဖြစ်လာမှာပါ) လို့ ပြောကြလိမ့်မယ် ၊ အဲဒါဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ မင်းကို ဂုဏ်ယူခွင့်ရစေမှာပါ" လို့လည်း Jadakiss က ဆိုပါတယ်။
Jada ဟာ ပရိတ်သတ်တွေ ရဲ့ စိတ်ဝင်စားမှုကို လက်ဖြန့် မတောင်းခဲ့ဖူးသလို သူ့ရဲ့ အလုပ်တွေအတွက်လည်း ဘာ ဆုတံဆိပ်မှ ရရှိခဲ့ဖူးခြင်းမရှိပါဘူး။ ဒါပေမယ့် နယူးယော့ခ် မြို့ရဲ့ အထင်ကရ MC တွေရဲ့ မျက်လုံးထဲမှာတော့ Jada ဟာ အချိန်တိုင်းအတွက် အထာအကျဆုံး ဖြစ်နေခဲ့ပါတယ်။
"နောက်ဆုံးအယ်လ်ဘမ် ထက်နည်းနည်းလေးပဲ ပိုအောင်မြင်ခဲ့တာပါ" လို့ Jada က Top 5 Dead or Alive ဆိုတဲ့ ပရောဂျက် နဲ့ပတ်သက်ပြီး ရလဒ်တွေကို ပြောပြခဲ့ပြန်ပါတယ်။ "ဒီအခွေဟာ တံဆိပ်ကောင်းဖြစ်ခဲ့သည် ဖြစ်စေ ၊ ထောက်ခံမှု ကောင်းခဲ့သည်ဖြစ်စေ ၊ မတူညီတဲ့ တီဗွီတင်ဆက်ပုံ တွေပဲ ဖြစ်စေ ၊ နောက်ဆုံးတစ်ကြိမ်တုန်းက ငါမပါခဲ့ရတဲ့ Blog တွေမှာ ငါ့ကို ဖော်ပြခဲ့သည်ဖြစ်စေ ၊ ဘာပဲ ဖြစ်ဖြစ် ငါဟာ ချီးကျူး ဂုဏ်ပြုမှု နဲ့ အဝေးကြီးပါ။ ငါပြောခဲ့ဖူးသလိုပဲ ငါဟာ Biggie ၊ Nas ၊ Hov ၊ Eminem ၊ Andre 3000 တို့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေ ပါ ၊ ဒေါ်လာပေါင်းမြောက်များစွာလို တန်ဖိုးရှိနေပါတယ်။ ငါဟာ ဒီနေ့ သေဆိုရင်လည်း သေနိုင်ပါတယ်။ ငါဟာ Rap ကိစ္စရပ် တွေနဲ့ ကျွမ်းကျင်နေပါပြီ" လို့ Jadakiss က ပြောပြပါတယ်။
သူ့ရဲ့ Rap Skills တွေနဲ့အတူ ၊ Jada ဟာ သူ့ရဲ့ Juice အင်ပါယာ ကိုလည်း အမေရိကန် ပြည်ထောင်စု တစ်ဝှမ်းက ဆင်းရဲ နွမ်းပါးတဲ့ လူ့အဖွဲ့အစည်းတွေဆီ နယ်မြေ ချဲ့ချင်နေပါတယ်။ ဒီနှစ်ပိုင်းတွေမှာလည်း Jada နဲ့ Styles P တို့ဟာ Juices For Life ဆိုတဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် ဘားတွေကို နယူးယော့ခ် မြို့တော် ဧရိယာ အတွင်းမှာ ဖွင့်လှစ် ဖို့ စီစဉ်နေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေး သတိပေးမှု တွေ ဖြန့်ဝေဖို့နဲ့ ပြည်သူတွေအလိုအပ်ဆုံး အာဟာရ တွေကို သိရှိစေဖို့ပဲ ဖြစ်ပါတယ်။
"ငါတို့ထွက်ပေါ်လာခဲ့တဲ့ ရပ်ကွက် တွေကို အဆင့်မြှင့်ပေးဖို့ ငါတို့ရဲ့ အသံတွေကို အသုံးပြုခဲ့တယ်။ ငါတို့ ဟာကျန်းမာရေး အသိပေးမှုတွေ ဖြန့်ဝေ ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ငါတို့ကို အရက်ဆိုင်တွေ ၊ အသင့်စား မုန့်ဆိုင်တွေ နဲ့ လွှမ်းမိုးထားခဲ့တယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုတဲ့ အစားအစာ အားလုံးနဲ့ အကျုံးဝင်တာကတော့ Juice တွေနဲ့ Smoothie တွေပဲ ဖြစ်ပါတယ်။ ငါတို့လိုအပ်တဲ့ အရာတွေပါပဲ။ ငါတို့ ဂီတ ကို နားထောင်သလိုပဲ သူတို့ ဒီအစားအစာတွေကို နားထောင်နိုင်မှာပါ" လို့လည်း Jadakiss က ပြောပြခဲ့ပြန်ပါတယ်။
မူရင်း - VIBE
တိုက်ရိုက် ဘာသာ ပြန်ဆိုသူ - Mario