Thursday, June 16, 2016

ဇူလိုင်လ ၉ ရက်နေ့မှာ စတင်ရောင်းချမယ့် Air Jordan 30 Cosmos



ဇန်န၀ါရီလတုန်းက Nike ရဲ့  ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Tinker Hatfield က Air Jordan XXX “Cosmos” ဆိုတဲ့ ဖိနပ်တွေရဲ့  ဓါတ်ပုံတွေကို ပြသပြီး Rapper တွေကို မရိုးမရွ ဖြစ်စေခဲ့ပါတယ်။ အခုတော့ မျှော်နေရတဲ့ အဖြစ်က ပြီးဆုံးပါပြီ။ Air Jordan XXX “Cosmos” ဖိနပ်တွေဟာ ဒီနှစ်ထဲ ပဲရစ်မြို့မှာ ကျင်းပမယ့် Quai 54 ဆိုတဲ့ ဘတ်စကတ်ဘောပြိုင်ပွဲမှာ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Air Jordan 30 Cosmos လို့ အမည်ပေးထားတဲ့ ဖိနပ်ဟာတော့ ဒီနှစ်ထဲထုတ်လုပ်တဲ့ Jordan အမှတ်တံဆိပ် ဖိနပ်တွေထဲမှာတော့ လိုချင်ဖွယ်ရာ အကောင်းဆုံး ဖိနပ်ဖြစ်လာမှာပါ။ Air Jordan 30 Cosmos ဟာ “Galaxy Print” ဖြစ်တဲ့ အာကာသ ပုံစံ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဖိနပ်ကြိုးနဲ့  ဖိနပ်လျှာကိုတော့ အနက်ရောင် အသားပေး ချုပ်လုပ်ထားပြီး အောက်ခြေပြား တစ်ဝိုက်ကိုတော့ အဖြူရောင်နဲ့ ဒီဇိုင်းထွင်ထားပါတယ်။

ထို Air Jordan 30 “Cosmos” ကို လာမယ့် ဇူလိုင်လ ၉ ရက်နေ့ကနေ စတင် ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း အနေနဲ့ကတော့ ဒေါ်လာ ၂၀၀ ခန့် ကျသင့်မယ်လို့ ခန့်မှန်း သိရှိရပါတယ်။






( Mario )


Ref : XXL