အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ရဲ့  နိုင်ထက်စီးနင်း ဆက်ဆံမှုတွေ ၊ ခွဲခြား ဆက်ဆံမှုတွေဟာ ရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့် မကြာသေးမီကမှ လူမည်း ၂ ဦး ကို ရဲဝန်ထမ်းတွေရဲ့  အကြမ်းဖက်လိုက်မှုဟာ အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီး အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေဆီ ဦးတည်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ခန့်က ပြစ်မှု ကျူးလွန်ထားခြင်းမရှိတဲ့ Alton Sterling နဲ့ Philando Castile ဆိုတဲ့ လူမည်း ၂ ဦးကို လူဖြူ ရဲ ၀န်ထမ်းတွေက သေနတ်နဲ့ ပစ်သတ်ခဲ့မှုကြောင့် Black Lives Matter ဆိုတဲ့ လှုပ်ရှားမှုဟာ စတင်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့တုန်းက Baton Rouge မြို့မှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ကလေး ၅ ယောက်ရဲ့  ဖခင် ဖြစ်သူ Alton Sterling ဟာ ဘာလက်နက် တစ်စုံတစ်ရာမှ ကိုင်ဆောင်ထားခြင်းမရှိပဲ လူဖြူရဲ ၀န်ထမ်း ၂ ဦးရဲ့  သေနတ်နဲ့ ခြောက်ချက် တိတိ ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ရက်အနည်းငယ်အကြာ Minnesota ပြည်နယ်မှာလည်း Philando Castile ဆိုသူ လူမည်းတစ်ဦးကို ရဲဝန်ထမ်းတစ်ဦးက ယာဉ်စည်းကမ်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း သေနတ်နဲ့ ပစ်သတ်ခဲ့ပြန်တာကြောင့် Black Lives Matter ဆိုတဲ့ လှုပ်ရှားမှုဟာ ကြီးမား လာခဲ့ပါတယ်။
အနုပညာရှင်များနဲ့အတူ Rap အဆိုတော် များစွာကလည်း လူမှု မီဒီယာ တွေက တဆင့် သီချင်းများ ဖြန့်ချီခြင်း ၊ စာသားများ ရေးသားခြင်း တို့ကို ပြုလုပ်ပြီး ထို လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီလိုပဲ လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ လူထုနဲ့အတူ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ Rap အဆိုတော် တွေလည်းရှိပါတယ်။
The Game နဲ့ Snoop Dogg
ဇူလိုင်လ ၈ ရက်နေ့က လော့အိန်ဂျလိစ် မြို့မှာ ပြုလုပ်ခဲ့တဲ့ Black Lives Matter ဆန္ဒထုတ်ဖော်ပွဲကို The Game နဲ့ Snoop Dogg တို့က လူထုနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဇူလိုင်လ ၉ ရက်နေ့က အတ္တလန်တာ မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ T.I လည်း ပါဝင်ခဲ့ပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့က မိုင်ယာမီ မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ Ace Hood လည်း ပါဝင်ခဲ့ပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့က Baton Rouge မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ August Alsina လည်း ပါဝင်ခဲ့ပါတယ်။
Ref : XXL