Thursday, June 9, 2016

ဓါတ်ပြားတိုက်တစ်ခုနဲ့ သဘောတူညီထားမှုကို ဖောက်ဖျက်ခဲ့တဲ့အတွက် Future တရားစွဲခံထားရ



အိမ်ထောင်ရေး အမှုအခင်း တစ်ခုကို မပြီးပြတ်သေးခင်မှာပဲ Trap ဆရာကြီး Future တစ်ယောက် နောက်ထပ် အမှုအခင်း တစ်ခုကို ရင်ဆိုင်ရပြန်ပါပြီ။ အတ္တလန်တာ မြို့သား Future ကို ဒီတစ်ခေါက် တရားစွဲဆိုလိုက် တာကတော့ Rocko ဆိုသူပဲဖြစ်ပါတယ်။ Rocko ဟာ A1 Recording အသံသွင်း စတူဒီယို နဲ့ ဓါတ်ပြားတိုက် ရဲ့  ပိုင်ရှင်လည်း ဖြစ်ပြီး သရုပ်ဆောင် အဖြစ်လည်း ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်တုန်းကတော့ Rocko ဟာ Future ၊ Rick Ross တို့နဲ့ တွဲဖက်ပြီး “U.O.E.N.O” ဆိုတဲ့ သီချင်း တစ်ပုဒ်ကို သီဆိုထုတ်လုပ်ခဲ့တဲ့ အတွက် လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုရတဲ့ အကြောင်းအရင်းကတော့ Future ဟာ သူ့ရဲ့  ပထမဆုံးထုတ်လုပ်မယ့် အယ်လ်ဘမ် ၆ ချပ်တိတိကို A1 Recording ဆိုတဲ့ ဓါတ်ပြားတိုက်ကနေ တဆင့် ထုတ်လုပ်မယ်လို့ စာချုပ်အရ သဘောတူညီမှု ရယူထားတယ်လို့ Rocko က အခိုင်အမာ ဆိုလာပါတယ်။ Rocko က ထပ်မံ ပြောပြလာတာကတော့ Future ဟာ သူ့ရဲ့  အယ်လ်ဘမ်တွေကို Epic Records ဆိုတဲ့ ဓါတ်ပြားတိုက်ကနေ ထုတ်လုပ်ခဲ့တယ်ဆိုတာပါပဲ။ ထို တရားစွဲဆိုမှုအတွင်း Rocko က စွပ်စွဲ ပြောဆိုထားတာကတော့ Future ဟာ Epic Records နဲ့ အလုပ်တွဲ လုပ်ပြီး ဒေါ်လာ သန်းပေါင်းများစွာ အကျိုးအမြတ် ရခဲ့တယ် ဆိုတာပါပဲ။ အဲဒီ အတွက် Future ဟာ သဘောတူညီမှု စာချုပ်ကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ Rocko က Future ရဲ့  အကျိုးအမြတ်တွေထဲက ၂၅ ရာခိုင်နှုန်းတိတိကို ရယူလိုပါတယ်ဆိုပြီး တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Rocko ရဲ့  တရားစွဲဆိုမှုမှာ ပူးတွဲဖော်ပြထားတာ ကတော့ သူဟာ Future ရဲ့  နယ်လှည့်ဖျော်ဖြေပွဲများ ၊ ကိုယ်စားပြုရပ်တည်မှုများနဲ့ အခြား ဘဏ္ဍာငွေဆိုင်ရာ အရင်းအမြစ် တွေကနေ ရရှိခဲ့တဲ့ ၀င်ငွေ ရဲ့  ၂၀ ရာခိုင်နှုန်း ကို ပိုင်ဆိုင်လိုတယ်လို့လည်း ဆိုထားပြီး Future ဆီက နစ်နာကြေး ဒေါ်လာ ၁၀ သန်းကိုလည်း တောင်းဆိုထားပါသေးတယ်။

Future ဟာ လတ်တစ်လောမှာ အခြား ရင်ဆိုင်နေရတဲ့ အမှုအခင်း တစ်ခုလည်း ရှိပါတယ်။ အဲဒီ အမှုအခင်းကတော့ Future ရဲ့  ရည်းစားဟောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Jessica Smith က Future ဆီကနေ ကလေး စောင့်ရှောက်မှု ထောက်ပံ့ငွေကို ပိုမို ရယူလိုတတဲ့အတွက် တရားစွဲဆိုထားခြင်းပဲ ဖြစ်ပါတယ်။ Future ဟာ သူနဲ့ Jessica Smith ရဲ့  သားလေးကို လစ်လျူရှုထားတယ်လို့လည်း တရားစွဲဆိုမှု မှာ ဖော်ပြထားပါသေးတယ်။


၂၀၁၃ ခုနှစ်တုန်းကလည်း Jessica Smith ဟာ Future ကို အလားတူ တရားစွဲဆိုမှုမျိုး ပြုလုပ်ခဲ့တဲ့ မှတ်တမ်း အထောက်အထားတွေလည်း ရှိခဲ့ပါတယ်။ Future ဟာ Jessica Smith ၊ Brittni Mealy ၊ India J စတဲ့ ရည်းစားဟောင်း ၃ ယောက်နဲ့ သား ၁ ယောက်စီ ထွန်းကားခဲ့ပါတယ်။ နောက်ဆုံး စေ့စပ်ပြီးမှ တရားစွဲဆိုရတဲ့ အဆင့်တွေအထိ အကွဲအပြဲတွေဖြစ်ခဲ့တဲ့ အဆိုတော်ကောင်မလေး Ciara နဲ့လည်း သား ၁ ယောက်ထွန်းကားခဲ့သေးတာကြောင့် Future ဟာ သား ၄ ယောက်ရဲ့  ထောက်ပံ့ကြေးကို တာဝန်ယူထားရသူလည်း ဖြစ်ပါတယ်။

Ref : XXL Mag