Rap အဆိုတော် The Game ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်များဆိုင်ရာ ၀န်ကြီး တစ်ယောက်ဖြစ်တဲ့ Louis Farrakhan ၊ နာမည်ကျော် Rap အဆိုတော် Snoop Dogg တို့နဲ့အတူ လမ်းတွေပေါ်က ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပြီး အခြား ဂိုဏ်း အဖွဲ့ဝင် တွေ အားလုံးကိုလည်း ပြန်လည် စုစည်းကြဖို့ တောင်းဆိုလိုက်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် ၊ ကမ့်ပ်တန် မြို့သား The Game ဟာ လာမယ့် ဇူလိုင် ၁၇ ရက်နေ့ မနက် ၁၁ နာရီ မှာ လော့အိန်ဂျလိစ်မြို့က Vermont လမ်းမှာ အားလုံးစုစည်းပြီး "Time To Unite: United Hoods + Gangs Nation" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဂိုဏ်းအဖွဲ့သားတွေ ပြန်ဆုံကြဖို့ စီစဉ်လိုက်တာပဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ၊ အနောက်ဘက် ကမ်းရိုးတန်းဒေသဖြစ်တဲ့ West Coast နယ်မြေမှာတော့ သမိုင်းအစဉ်အလာရှိခဲ့တဲ့ Blood(အနီရောင်) ဂိုဏ်း ရဲ့  အဖွဲ့ဝင် ဂိုဏ်းသား The Game ဟာ ရန်ဘက် ဂိုဏ်း တစ်ခုဖြစ်တဲ့ Crip(အပြာရောင်) ဂိုဏ်း ရဲ့  အဖွဲ့ဝင် ဂိုဏ်းသား Snoop Dogg ကိုလည်း ညီညွတ်ကြဖို့အတွက် ဖိတ်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့  ဖိတ်ခေါ်တဲ့ Post မှာလည်း ဂိုဏ်းဃန ကွဲပြားမှုတွေကို မကြည့်ပဲ အားလုံး တစ်သားတည်း ဖြစ်စေဖို့အတွက် နဲ့ ရပ်ကွက်တွေထဲက လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ စံပြ ပုဂ္ဂိုလ် တွေအဖြစ် နေထိုင်နိုင်ဖို့ ဆွေးနွေးမှုတွေလိုအပ်နေတယ် ဆိုတဲ့အကြောင်းတွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
ထို ဆုံစည်းပွဲကို လက်နက်တွေယူမလာဖို့လည်း The Game က တောင်းဆိုထားပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်စေသူကိုတော့ ဆုံစည်းပွဲကနေ ဖယ်ရှားခံရမယ်ဖြစ်တယ်လို့လည်း သတိပေးထားပြန်ပါတယ်။ ထို ဂိုဏ်းသားများစုစည်းပွဲကို H.U.N.T ဆိုတဲ့ အဖွဲ့အစည်းက စပွန်ဆာ အဖြစ် ဆောင်ရွက်ပေးထားပြီး ပြီးခဲ့တဲ့အပတ်ကလည်း H.U.N.T ရဲ့  အကူအညီကိုရယူပြီး Snoop Dogg နဲ့ The Game တို့ဟာ လော့အိန်ဂျလိစ် ရဲ တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
အမေရိကန်ပြည်ထောင်စုမှာ တန်းတူညီမျှမှု ရရှိရေး အတွက် လူမည်းတွေအားလုံးဟာ တောင်းဆိုနေကြပြီး ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေပြီလို့လည်း The Game က ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက လက်နက်မဲ့ လူမည်းပြည်သူ ၂ ယောက်ဖြစ်တဲ့ Alton Sterling နဲ့ Philando Castile တို့ကို လူဖြူ ရဲ ၀န်ထမ်းတွေရဲ့  အကြမ်းဖက် သတ်ဖြတ်မှုကြောင့် လူမည်းတွေရဲ့  "Black Lives Matter" ဆိုတဲ့ ဆန္ဒထုတ်ဖော် လှုပ်ရှားမှုတွေဟာ ပိုမို ပြင်းထန်လာခဲ့တာပဲ ဖြစ်ပါတယ်။
(ZweThetPaing)
Ref : HipHopDx