Wednesday, September 14, 2016

ဒေါ်လာ ၂၈ သန်းခန့် အရှုံးပေါ်ခဲ့တဲ့ Tidal ဂီတ၀န်ဆောင်မှုလုပ်ငန်း



အောင်မြင်ကျော်ကြားခဲ့တဲ့ Kanye West ရဲ့  "The Life of Pablo" ၊ Rihanna ရဲ့   "ANTI" နဲ့ Beyonce ရဲ့  "Lemonade" အခွေ တို့ကို အဓိက ဖြန့်ချီနိုင်ခဲ့ပေမယ့်လည်း Jay-Z ပိုင်ဆိုင်တဲ့ ဂီတ Streaming ၀န်ဆောင်မှု လုပ်ငန်း "Tidal" ဟာ ဒီနှစ်ပိုင်းတွေမှာ ငွေကြေး များစွာ အရှုံးပေါ်ခဲ့ပါတယ်။


စက်တင်ဘာလ ၁၃ ရက်နေ့မှာထုတ်ပြန်တဲ့ Wall Street ဂျာနယ်ရဲ့  ဖော်ပြချက်အရ Tidal လုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ ပင်မကုမ္မဏီ Aspiro ဟာ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၂၈ သန်းခန့် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ ထိုဖော်ပြချက်မှာ ထပ်မံ ပါဝင်နေတာက Aspiro ကုမ္မဏီ ဟာ မနှစ်က ပေးငွေတွေ ပေးချေဖို့အတွက် ရုန်းကန်ခဲ့ရပြီး ဒေါ်လာ ၄ သိန်းခန့်လည်း အကြွေးတင်နေခဲ့သေးတယ်ဆိုတာပါပဲ။

၂၀၁၅ခုနှစ် မတ်လ မှာတော့ Jay-Z ဟာ Tidal လုပ်ငန်းကို ဒေါ်လာ ၅၆ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ အဲဒီလမှာပဲ Jay-Z ဟာ ဂီတနယ်ပယ်မျိုးစုံက အနုပညာရှင်သူငယ်ချင်းတွေကို ခေါ်ယူပြီး Tidal ရဲ့  စတင်မှုကို လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ ၂၀၁၅ခုနှစ် အောက်တိုဘာလမှာတော့ Jay-Z ဟာ နယူးယော့ခ်မြို့မှာ ဂီတပွဲတော် တစ်ခု ကျင်းပပြီး Tidal ၀န်ဆောင်မှုကို ရယူအသုံးပြုသူ Subscriber အရေအတွက် ၁ သန်းရှိပြီလို့လည်း ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း Tidal လုပ်ငန်းကို မူလ ပိုင်ဆိုင်သူတွေဟာ လုပ်ငန်းရောင်းချမှုအတွက် ပြတ်သားတဲ့ လွှဲပြောင်းပေးအပ်မှုတွေ လိုအပ်နေခဲ့ပါတယ်။ ဒါကြောင့် Jay-Z က Tidal လုပ်ငန်းရဲ့  မူလပိုင်ရှင်တွေကို လုပ်ငန်းရောင်းချချိန်မှာ Subcriber အရေအတွက် လိမ်ညာ ပြောကြားခဲ့မှုအတွက် တရားစွဲဆိုထားပါတယ်။ ဂီတပရိသတ်တွေအတွက် Streaming စစ်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လကမှ The Wall Street Journal ရဲ့  "Apple ကုမ္မဏီက Tidal လုပ်ငန်းကို ၀ယ်ယူဖို့ ပြောဆိုနေတယ်" ဆိုတဲ့ ဖော်ပြချက်ကနေ စတင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Spotify ၊ Soundcloud ၊ Apple နဲ့ Tidal တို့ဟာ streaming စစ်ပွဲရဲ့  အဓိက စစ်သည်တော်တွေပဲ ဖြစ်ကြပါတယ်။

Ref : XXL