Tuesday, August 30, 2016

ကမ္ဘာ့ဂင်းနစ်စံချိန် နှစ်ခုအတွက် မှတ်တမ်းတင်ခံခဲ့ရတဲ့ The Weekend




အဆိုတော် The Weekend ဟာ အခုဆိုရင် ကမ္ဘာ့စံချိန်တင်နိုင်သူ တစ်ယောက်ဖြစ်ခဲ့ပါပြီ။


ကမ္ဘာ့ ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့က ထုတ်ပြန်လိုက်တာကတော့ The Weekend ဟာ တစ်နှစ်အတွင်း Spotify ဆိုတဲ့ ဂီတ၀န်ဆောင်မှု စာမျက်နှာမှာ Streaming စနစ်နဲ့ နားဆင်မှု အကြိမ်အရေအတွက် အများဆုံး ဆိုတဲ့ ကမ္ဘာ့စံချိန်ကို တင်နိုင်ခဲ့သလိုပဲ Billboard ရဲ့  အကောင်းဆုံးသီချင်း ၁၀၀ စာရင်းထဲမှာ ထိပ်ဆုံး ၁၀ ပုဒ်ထဲမှာ ရက်သတ္တပတ် ပေါင်းများစွာ ဆက်တိုက် ရပ်တည်နိုင်ခဲ့သူ တစ်ကိုယ်တော် အမျိုးသား အနုပညာရှင် တစ်ယောက်အဖြစ် ပါ ကမ္ဘာ့စံချိန် ၂ ခု တင်နိုင်ခဲ့တယ် ဆိုတာပါပဲ။

The Weekend အနေနဲ့ အဲဒီ ကမ္ဘာ့စံချိန်တွေကို ၂၀၁၅ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Beauty Behind the Madness ဆိုတဲ့ အယ်လ်ဘမ် ကြောင့် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဲဒီ အယ်လ်ဘမ် ဟာလည်း ပလက်တီနမ် အဆင့် ၃ ကြိမ် သတ်မှတ်ခံရတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါ့အပြင် Beauty Behind the Madness အယ်လ်ဘမ်ဟာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ ၁ နှစ်အတွင်း  Streaming စနစ်နဲ့ နားဆင်တဲ့ အကြိမ်အရေအတွက် သန်း ၆၀ အထိ ရှိခဲ့တာကြောင့် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီအယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ The Weekend ရဲ့  သီချင်း "Can't Feel My Face" တစ်ပုဒ်တည်းတင် Streaming ပြုလုပ်တဲ့ အကြိမ်ရေ ၄၄၈,၃၃၄,၈၆၇ ကြိမ် အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒုတိယမြောက် ကမ္ဘာ့စံချိန်ကတော့ သူရဲ့  သီချင်း ၃ ပုဒ်ဖြစ်တဲ့ "Earned It" ၊ "Can't Feel My Face" ၊ "The Hills" စတဲ့ သီချင်းတွေနဲ့ Billboard ရဲ့  အကောင်းဆုံး စာရင်းထဲမှာ ၄၅ ပတ်တိတိ ဆက်တိုက်ပါဝင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ The Weekend ဟာ မကြာခင်ထွက်ရှိလာတော့မယ့် ၂၀၁၇ခုနှစ်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်း စာအုပ်မှာ ဖော်ပြခံရတော့မှာလည်းဖြစ်ပါတယ်။

Ref : XXL